အင်းမဈေး မီးဘေးသင့်ခဲ့သည်မှာ တစ်နှစ်ကျော်ပြီဖြစ်သော်လည်း ပြန်လည်တည်ဆောက်ရေးကိစ္စ အတိုက်အခံများဖြင့် အငြင်းပွားနေ ==========================================
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ရန်ကုန်-ပြည် ကားလမ်းမကြီးဘေးရှိ အင်းမဈေးမီးလောင်ခဲ့သည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သော်လည်း အတိုက်အခံများ ရှိနေသည့်အတွက် အသစ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိကြောင်းဒေသခံများထံမှသိရသည်။
“ ဈေးသစ်ပြန်လည်တည်ဆောက်နိုင်ဖို့ မီးလောင်ဆုံးရှုံးခံခဲ့ရတဲ့ အများစုက အားတက်သရော ရှိပေမယ့် မီးဘေးလွတ် လူနည်းစုက အဆင့်မီ ဈေးတည်ဆောက်ဖို့ကို ကဖျက်ကယက် လုပ်နေကြတယ် ” ဟု အထည်သည် တစ်ဦးမှဆိုသည်။
အင်းမဈေးရှိဆိုင်ခန်း ၃၀၀ ခန့်အား ၃၁၊ ၁၂၊ ၂၀၁၆ ရက်၊ ည ၈ နာရီခွဲတွင် မီးလောင်ခဲ့ပြီး ဈေးပတ်လည်ရှိဆိုင်ခန်း ၄၂ ခန်းသာ မီးဘေးသင့်ဆိုင်များအား ဗိုလ်ရုံဝန်းအတွင်း၌ ယာယီဈေးအဖြစ် သတ်မှတ်ဖွင့်လှစ်ပေးထားရာ မိုးရာသီတွင် အနိမ့်ပိုင်းကျ၍ ရေဝပ်သောကြောင့် ဈေးဝယ်သူတို့လာရောက် ဝယ်ယူမှု နည်းပါးသဖြင့် ဈေးသည်များ မီးဘေးအပြင် စီးပွားရေးကျဆင်းမှု နှင့် ကြုံတွေ့ နေရကြောင်း သိရသည်။
“ မီးလောင်ခံရတဲ့ဈေးဟာ ဈေးကွက်ပုံစံမကျဘူး။ ဈေးပတ်လမ်းအဝင်အထွက်မကောင်းတာတွေကြောင့် မီးလောင်စဉ်အချိန်မှာ နီးစပ်ရာမြို့တွေက မီးသတ်ကားတွေအမြန်ရောက်လာပေမယ့် ဝိုင်းပတ် ငြိမ်းသတ်ဖို့ နေရာအခက်အခဲတွေကြောင့် အချိန်တိုအတွင်းမှာဆုံးရှုံးမှုတွေ များခဲ့ရတယ်။ စနစ်တကျပြန်မတည်ဆောက်နိုင်ရင် ဒီလိုအဖြစ်မျိုးထပ်ကြုံနိုင်တယ်။ မီးလောင်ပြင်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လာရောက်ကြည့်ရှုပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အစိုးရအဖွဲ့ရဲ့မူဝါဒအတိုင်း ခေတ်မီ စည်းစနစ်ကျတဲ့ဈေး အဖြစ် အသစ်ပြန်လည်တည်ဆောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်မည့်ဈေးအဖြစ် ဆောက်လုပ်နိုင်အောင်လည်း ကျပ်သိန်းပေါင်း ၈၂၆၀ သုံးစွဲခွင့်ပြုထားကြောင်း ကျွန်တော်တို့သိထားပါတယ် ” ဟု ဈေးသည်တစ်ဦးဖြစ်သူ ဦးရဲမှ ယူနတီသို့ပြောသည်။
အဆိုပါဈေးတွင်မီးဘေးသင့်ခံရသူ ဈေးသူဈေးသားအများစုမှာ အစိုးရ၏ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုဖြင့် မြို့အဆင့်နှင့်အညီ စည်းစနစ်ကျနသည့် ဈေးသစ်ဆောက်လုပ်ရန် ဆန္ဒရှိသော်လည်း မီးဘေးမှလွတ်ခဲ့သော မူလဆိုင်ခန်းများတွင် နေရာမပျက် ဆက်လက်ရောင်းနေရသူ လူနည်းစုမှာ ကိုယ်ထူကိုယ်ထဈေးအဖြစ်သာ ဆောက်လုပ်လိုကြသောကြောင့် တစ်ဖက်နှင့်တစ်ဖက် အတိုက်အခံများပြုလျက် ရှိနေကြသဖြင့် ဈေးသစ်တည်ဆောက်ရေး နှောင့်နှေးလျက်ရှိကြောင်းသိရသည်။
“ ကိုယ်ထူကိုယ်ထဈေးသာဆောက်လုပ်လိုကြတယ်ပြောတယ်။ ငါးလအတွင်းအပြီးဆောက်မယ်ဆိုတယ်။ ဆိုင်ခန်းတစ်ခန်းကိုတစ်လ တစ်သိန်းနှုန်းသွင်းမယ်။ ငွေငါးသိန်းသွင်းနိုင်မှ ဆိုင်ခန်းရမယ်ဆိုတော့ ကျွန်မရောင်းတဲ့ ကုန်ပစ္စည်းအနေနဲ့ ကြည့်ရင် တစ်လ တစ်သိန်းမသွင်းနိုင်ဘူးလေ။ စားဝတ်နေရေးဘယ်လိုဖြေရှင်းကြမလဲ။ အဲဒါပါ ထည့်စဉ်းစားပေးကြပေါ့။ အတ္တတွေကြီးနေကြတယ်။ ဗြဟ္မာစိုရ်တရား ခေါင်းပါးနေကြတယ် ” ဟု ကုန်စိမ်းရောင်းချသူ ဒေါ်ခင်အေးမှဆိုသည်။
အဆိုပါ မီးဘေးသင့် ဈေးအား ပြန်လည်တည်ဆောက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးထားသော ဈေးသစ်တည်ဆောက်ရေးကော်မတီ မှာလည်း အငြင်းပွားမှုများရှိနေခြင်းကြောင့် လုပ်ငန်းနှောင့်နှေးမှုများ ကြုံတွေ့နေရကြောင်း ကော်မတီဝင်တစ်ဦးထံမှသိရသည်။
#ပြည်သတင်းစဉ်
09798259649
No comments: