Header Ads

BannerFans.com
Breaking News
recent

မွန်ပြည်နယ်၌ ပထမဆုံးအကြိမ်ပြုလုပ်မည့် ကလေးစာပေပွဲတော်သို့ နိုင်ငံတော်သမ္မတတက်ရောက်မည်

ချိုမာအောင် (မြစ်မခ)
မော်လမြိုင်၊ မတ် (၁၆) ရက်။
မွန်ပြည်နယ်၌ ပထမဆုံးအကြိမ် ပြုလုပ်မည့် ကလေးစာပေပွဲတော်သို့ နိုင်ငံတော်သမ္မတ တက်ရောက်မည်ဖြစ် ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံမှ သိရှိရသည်။
“ဒီပွဲကို နိုင်ငံတော်သမ္မတကိုယ်တိုင် တက်ရောက်မှာဖြစ်တယ်။ ဒီပွဲက မော်လမြိုင်တစ်မြို့တည်းက ကလေးတွေ ပဲ မဟုတ်ပါဘူး။ မွန်ပြည်နယ်အတွင်းက အသက်(၁၄)နှစ်အောက် ကလေးတွေအားလုံး ပါဝင်နိုင်အောင် စီစဉ် ပေးထားပါတယ်။”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကပြောသည်။
ကလေးစာပေပွဲတော်ကို ပညာရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ လုပ်ဆောင်ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ အနာဂတ်နိုင်ငံတော်မှအားထားရမည့်ကလေးငယ်များ အသိပညာတိုးပွားစေရန်၊ ဥာဏ်ရည် ဥာဏ်သွေးမြင့်မားထက်မြက်စေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ပထမဆုံးအကြိမ်ကလေးစာပေပွဲတော်ကို မတ် ၂၅ ရက်မှ ၂၇ ရက်အထိ (၃)ရက်တိုင်တိုင် နံနက် (၉း၀၀)နာရီမှ ညနေ(၅း၀၀)နာရီထိ မော်လမြိုင်တက္ကသိုလ်၌ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ကလေးစာပေပွဲတော်မှာ ကလေးနဲ့ပတ်သက်တဲ့ပုံပြင်တွေ၊ ကဗျာတွေ၊ ကလေးတွေစာဖတ်တဲ့အလေ့အကျင့်ရ အောင် လုပ်ပေးတဲ့ပွဲဖြစ်တယ်။ ကျွန်တော်တို့လုပ်ပေးတဲ့အထဲမှာ ပြိုင်ပွဲတွေ၊ ဂိမ်းကစားနည်းတွေလည်း ပါဝင်ပါ တယ်။”ဟု မွန်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်မှူး ဦးစိုးပိုင်က ပြောသည်။
အဆိုပါ ပွဲတော်တွင် ကလေးများအတွက် စာစီစာကုံးပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများ၊  ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ခေါက်ပြိုင်ပွဲများအပြင် ကလေးများ၏ ပူးပေါင်းဆောင်ရွက်လိုစိတ်ကို မြှင့်တင်ပေး  သည့် အုပ်စုလိုက်ဂိမ်းကစားနည်းပြိုင်ပွဲများ၊ တစ်ဦးချင်းဂိမ်းကစားနည်းပြိုင်ပွဲများ၊ မြန်မာ့သမိုင်းအထင်ကရ ပုဂ္ဂိုလ်များ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းစသည့် ပုဂ္ဂိုလ်များ၏ ပုံဆွဲပြိုင်ပွဲများ၊ စကားဆက်ပြိုင်ပွဲများပါဝင် ကြောင်း သိရသည်။
ထို့အပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ မွန်၊ ကရင်၊ ပအိုဝ်း ရိုးရာယဉ်ကျေးမှုအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည့်အပြင် ထူးချွန်သူများကိုလည်း ဆုပေးပွဲများ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်အတာအရ ကလေးစာပေပွဲတော်ကို ပထမဆုံးအနေဖြင့် နေပြည်တော်၊ ဒုတိယအကြိမ် အဖြစ် မန္တလေးတိုင်းဒေသကြီးတွင်ပြုလုပ်ခဲ့ပြီးဖြစ်ရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သည် တတိယအကြိမ် မြောက်ပြုလုပ်သည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း သိရသည်။

No comments:

icman. Powered by Blogger.