အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ စတိုးဆိုင်တွင် လုပ်ကိုင်နေသော ကလေးငယ် နှစ်ဦးကို ညှင်းပန်းနှိပ်စက်မှုဖြင့် ဆိုင်ပိုင်ရှင်အား အမှုဖွင့်
မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးဝင်း၊ မုံရွာလမ်းရှိ ဆွေညီနောင် စတိုးဆိုင်တွင် အလုပ်သမားအဖြစ် လုပ်ကိုင်နေသော ကလေးငယ် ၂ ဦးအား ညှင်းပန်းနှိပ်စက်သူ စတိုးဆိုင်ပိုင်ရှင်အား အမှုဖွင့် အရေးယူကြောင်း မတ်လ ၁၃ ရက်နေ့က Yangon Police Facebook မှ သတင်းထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးဝင်း၊ မုံရွာလမ်းရှိ ဆွေညီနောင် စတိုးဆိုင်တွင် အလုပ်သမားအဖြစ် လုပ်ကိုင်နေသော ကလေးငယ် ၂ ဦးအား ပိုင်ရှင်ဖြစ်သူ မဖြူဖြူထွန်း(ခ)ဒေါ်ငယ်၊ (၄၀)နှစ်မှ ညှင်းပန်းနှိပ်စက်နေကြောင်း သတင်းအရ အမှတ်(၆)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များ၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးဝင်း ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မိတ်ဘက်အဖွဲ့ အစည်းများ၊ သတင်းမီဒီယာများနှင့် အောင်မင်္ဂလာ အဝေးပြေးဝင်း အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများက မတ်လ ၁၃ ရက်နေ့ နံနက် ၃ နာရီခွဲ အချိန်ခန့်တွင် အဆိုပါဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းစတိုးဆိုင်တွင် လာရောက် လုပ်ကိုင်သူများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်နေ မထက်ထက်ဇော်၊ (၁၂) နှစ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်နေ မမေသဇင်၊(၁၀)နှစ်တို့ ၂ ဦးအား တွေ့ရှိရပြီး ၎င်းတို့၏ ခန္ဓာကိုယ်အနှံ့တွင် ဖူးရောင်၊ ညိုမဲ ပွန်းပဲ့နာကျင်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့နောက် ယင်းပူးပေါင်းအဖွဲ့မှ ၎င်းဒဏ်ရာများအား အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ရာ မထက်ထက်ဇော်တွင် နဖူးဖူးရောင် ညိုမဲဒဏ်ရာ၊ ၀ဲ/ယာမျက်လုံး ညိုမဲဒဏ်ရာ၊ ၀ဲလက်ဖျံဖူးရောင် ပေါက်ပြဲဒဏ်ရာ (၃) ချက်၊ ၀ဲခြေသလုံးပေါက်ပြဲ ဒဏ်ရာ(၁)ချက်၊ နောက်ကျောပွန်းပဲ့ဒဏ်ရာ(၁၄)ချက်၊ ယာခြေသလုံး ဖူးရောင်ညိုမဲဒဏ်ရာ(၂)ချက်နှင့် မမေသဇင်တွင် ၀ဲ/ယာမျက်လုံးဖူးရောင် ညိုမဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ဖူးရောင်ညိုမဲဒဏ်ရာ(၁)ချက်၊ ယာလက်ခုံ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာ(၂)ချက်၊ ၀ဲ/ယာပါး ဖူးရောင်ညိုမဲဒဏ်ရာ၊ နောက်ကျော ပွန်းပဲ့ဒဏ်ရာ(၁)ချက်တို့ ရရှိထားသည်ကို တွေ့ရှိသဖြင့် ၎င်းကလေး ငယ်(၂)ဦးအား မေးမြန်းရာ စတိုးဆိုင်ပိုင်ရှင်ဖြစ်သူ မဖြူဖြူထွန်း(ခ)ဒေါ်ငယ်မှ သံတုတ်နှင့်ရိုက်ခြင်း၊ ခါးပတ်နှင့်ရိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ သံချောင်းအား မီးဖုတ်၍ ခန္ဓာကိုယ်အနှံ့သို့ တို့ခြင်းတို့ကြောင့် ရရှိခဲ့သော ဒဏ်ရာများဖြစ်ကြောင်း စစ်ဆေးသိရှိရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကလေးငယ်(၂)ဦးအား ဒဏ်ရာများ ရရှိအောင် ညှင်းပန်းနှိပ်စက်သူ မဖြူဖြူထွန်း (ခ) ဒေါ်ငယ်အား မင်္ဂလာဒုံမြို့မ ရဲစခန်းတွင် (ပ)၃၁၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၂၅/၃၂၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူကူန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ငြိစွန်းမှုရှိ/မရှိ အမှတ်(၆)လူကူန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်http://www.news-eleven.com/local/33620
No comments: