Header Ads

BannerFans.com
Breaking News
recent

ပဲခူးမြစ်ရေမှာ သုံးစွဲရန်မသင့်တော်တော့သည့် အခြေအနေအထိ ညစ်နွမ်းနေ

မျိုးမြတ်(မြစ်မခ)
ပဲခူး၊ မတ် (၈) ရက်။
ပဲခူးမြို့သို့ဖြတ်သန်းစီးဆင်းနေသော ပဲခူးမြစ်ရေကို နော်ဝေနိုင်ငံမှ ရေသုတေသနအဖွဲ့(NIVA)၏ စစ်ဆေး  စမ်းသပ်ချက်အရ သုံးစွဲရန် မသင့်တော်တော့သည့် အနီရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်ထားကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရှိရသည်။ 

NIVA သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ ရေအရင်းအမြစ် ထိန်း သိမ်းအသုံးပြုခြင်းနှင့် အရည်အသွေးဆိုင်ရာသုတေသနကို ဖေဖော်ဝါရီလ နောက်ဆုံးအပါတ်တွင် ပြုလုပ်ခဲ့ရာ ပဲခူးမြစ်ရေမှာ အမှိုက်များစွန့်ပစ်မှုကြောင့် အဆိုးရွားဆုံးအခြေအနေဖြစ်နေကြောင်း သိရသည်။
“Niva အဖွဲ့က ပဲခူးမြစ်ရေကို ဖေဖော်ဝါရီလနောက်ဆုံးအပါတ်မှာ စစ်ဆေးသွားတာပါ။ မြစ်ထဲကို အမှိုက်စွန့်ပစ် မှုများကြောင့်ရယ်၊ မြစ်ထဲဘက်လှည့်ပြီး အိမ်သာတည်ဆောက်ထားတာရယ်၊ စိုက်ပျိုးရေးလုပ်ငန်းများ ဓာတု ဆေးရည်များ မြစ်ထဲစီးဝင်တာတွေကြောင့် ရေအရင်းအမြစ် ညစ်နွမ်းလာရခြင်းဖြစ်ပါတယ်။ ဒါကို ပြန်လည် သန့်စင်မှုလုပ်ငန်းကို မတ်လထဲမှာ အကောင်အထည်ဖော်သွားမှာပါ”ဟု ပဲခူးတိုင်းဒေသကြီးအစိုးရ၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းဇံကပြောသည်။
ပဲခူးမြစ်သည် ဇောင်းတူးမှမြစ်ဖျားခံ၍ ပဲခူးမြို့ကို ဖြတ်သန်းကာ ရန်ကုန်မြစ်တွင်း စီးဆင်းပြီး မြစ်အရှည်မှာ (၂၆၄) ကီလိုမီတာရှိကာ မြစ်ဝှမ်းဒေသများအတွင်းရှိ ရေသယံဇာတနှင့် ပတ်သက်၍ အရောင်ခွဲခြားသတ်မှတ်မှု မှာ (၁)အစိမ်းရောင်မှာ ရည်မှန်းချက်အကောင်းဆုံးအခြေအနေ၊ (၂)အဝါရောင်မှာ ရည်မှန်းချက်အနည်းငယ်ဆိုး ရွားသည့်အခြေအနေ၊ (၃)အနီရောင်မှာ ရည်မှန်းချက်ဆိုးရွားသည့်အခြေအနေတို့ဖြစ်ကြောင်း သိရသည်။
“ပဲခူးမြစ်ရေကို Niva အဖွဲ့က သုတေသနလုပ်ကြည့်တဲ့အခါ ညစ်နွမ်းမှုက အနီရောင်အဆင့်သတ်မှတ်ထားတာ တွေ့ရတယ်။ အစိမ်းရောင်အဆင့် ပြန်သတ်မှတ်နိုင်အောင် ဌာနဆိုင်ရာများနဲ့ ပြည်သူများပါ ပူးပေါင်းပါဝင် ဆောင်ရွက်သွားဖို့အစီအစဉ်ရှိပါတယ်။”ဟု ဝန်ကြီး ဦးကျော်မင်းဇံကပြောသည်။
ပဲခူးမြစ်ရေသန့်စင်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဆောင်ကာ ဖေ ဖော်ဝါရီနှင့် မတ်လတို့တွင် ဌာနဆိုင်ရာများပါဝင်သော လုပ်ငန်းကြီးကြပ်ရေးနှင့် အကောင်ထည်ဖော်မှုကော်မတီ  ဖွဲ့စည်းပြီး အစည်းအဝေး(၃)ကြိမ်ခေါ်ယူကာ ပဲခူးမြစ်ရေသန့်စင်ရေးအတွက် စောလျင်စွာ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပဲခူးမြစ်မြေထိန်းနံရံတည်ဆောက်ရေးအတွက် လာမည့် ဘတ်ဂျက် ကာလများတွင် ထည့်သွင်းရေးဆွဲတင်ပြတောင်းခံထားကြောင်း သိရသည်။

No comments:

icman. Powered by Blogger.