ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံရသည့် မြန်မာနှစ်ဦးလွတ်မြောက်ရေး ထိုင်းဘုရင်မင်းမြတ်နှင့် ဝန်ကြီးချုပ် ထံသို့ မေတ္တာရပ်ခံစာပေးပို
ဇော်မင်း (မြစ်မခ)
ရန်ကုန်၊ မတ် (၇)ရက်။
ထိုင်းနိုင်ငံတွင်သေဒဏ်ချမှတ်ခံရသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ လွတ်မြောက်ရေး အတွက် မြန်မာပြည်သူ၊ ပြည်သားများကိုယ်စား မကွေးဆရာတော် ဦးပါမောက္ခနှင့် နောင်တော်လေးတို့မှ ထိုင်းဘုရင်မင်းမြတ်နှင့် ထိုင်း ဝန်ကြီးချုပ်ထံသို့ မေတ္တာရပ်ခံစာကို မတ် ၇ ရက်၊ နေ့လည်(၂း၀၀)နာရီက ထိုင်းသံရုံးမှ တဆင့်ပေးပို့ခဲ့ကြောင်း သိရှိရသည်။
“ဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့ဟာ မြန်မာနိုင်ငံသားများမို့လို့ လုပ်ဆောင်တာမဟုတ်ပါဘူး၊ ထိုင်းနိုင်ငံသားများ ကို မြန်မာအစိုးရအနေဖြင့် ထိုကဲ့သို့ပြုလုပ်ပါက သေဒဏ်များပေးပါကလည်း ထိုင်းနိုင်ငံသားများဖက်မှ ရပ်တည် ပေးမယ့်သဘောတွေနဲ့ ညင်ညင်သာသာပျော့ပျော့ပြောင်းပြောင်းနဲ့ ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းအစိုးရထံကို မေတ္တာရပ်ခံစာပေးပို့ခြင်းဖြစ်ပါတယ်။”ဟု မကွေးကျောင်းဆရာတော် ဦးပါမောက္ခက မိန့်သည်။
အဆိုပါမေတ္တာရပ်ခံလွှာကို ထိုင်းဘုရင်မင်းမြတ်နှင့် ထိုင်းဝန်ကြီးချုပ်ထံသို့လိပ်မူကာ မေတ္တာရပ်ခံပေးပို့ခဲ့ခြင်းဖြစ် ပြီး မြန်မာနိုင်ငံမှ ရဟန်းရှင်လူပြည်သူများအနေဖြင့် ထိုင်းတရားစီရင်ရေးနှင့် ထိုင်းပြည်တွင်းရေးကို ဝင်ရောက် နှောင့်ယှက်ခြင်းမဟုတ်ဘဲ တရားဥပဒေစိုးမိုးရေးနှင့် တရားခံအမှန်ကို ဖော်ထုတ်ဖမ်းဆီးပေးနိုင်ရေးဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ခိုတောင်ကျွန်း(လိပ်ကျွန်း)တွင်ဖြစ်ပေါ်ခဲ့သော ဗြိတိန်နိုင်ငံသားနှစ်ဦးအသတ်ခံရမှုနှင့် ပတ်သက်၍ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား သေဒဏ်ချမှတ်ထားသည့်အပေါ်တွင် နိုင်ငံတော်အဆင့်တာဝန်ရှိသူများ အနေဖြင့် သံခင်း၊ တမန်ခင်းနည်းဖြင့် ထိုင်းအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံရန်လည်းတောင်းဆိုခဲ့ကြောင်း သိရသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကလည်း ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့နှစ်ဦး လွတ်မြောက်သွားအောင် သူတို့ရဲ့သံခင်း၊ တမန်ခင်းအားဖြင့်ဖြစ်စေ၊ ထိုင်းဘုရင့်မင်းမြတ်တို့၊ ထိုင်းဝန်ကြီးချုပ်တို့ကိုတွေ့ဆုံပြီးတော့ ပွင့်လင်းမြင်သာအောင် မြန်မာပြည်သူတွေရဲ့ အားကိုးရာဖြစ်လာအောင် ငါတို့ရဲ့သားသမီးတွေပဲဆိုတဲ့ အမြင်မျိုးနဲ့ တရားစီရင်ပိုင်းကလည်း မှန်မှန်ကန်ကန်၊ နိုင်ငံတကာကလည်းလက်ခံလာအောင် စစ်ဆေးပေးဖို့ဆောင်ရွက်သင့်ပါတယ်။”ဟု မကွေး ကျောင်းဆရာတော် ဦးပါမောက္ခက မိန့်သည်။
ဆက်လက်၍လည်း ထိုင်းသံရုံးရှေ့၌ မတ် ၁၃ ရက် နေ့လည်(၁)နာရီတွင် မောရသုတ်နှင့် မေတ္တာသုတ်ပရိတ် တရားများကို ရွတ်ဖတ်သွားမည်ဖြစ်ကြောင်း သိရသည်။
No comments: