Header Ads

BannerFans.com
Breaking News
recent

ပေါက်ခေါင်းမြို့နယ်တွင် ကျေးရွာပေါင်း ၂၀ ကျော် သောက်သုံးရေ ရှားပါးမှုနှင့် ရင်ဆိုင်နေရ

သီဟလွင် (မြစ်မခ)
ပြည်၊ မေ(၉)ရက်။
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါက်ခေါင်းမြို့နယ်တွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်မှာ သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။
ယခင်နှစ်များက မတ်လမှစတင်ကာ ရေရှားပါးမှုများကို ကြုံတွေ့လေ့ရှိသော်လည်း ယခုနှစ် သင်္ကြန်ကာလ မိုးရွာသွန်းမှုကြောင့် မိုးရေအနည်းငယ်ရရှိခဲ့ပြီး ယခုမေလ အပူရှိန်ပြင်းသည့်အချိန်မှသာ ရေရှားပါးမှုအား စတင်ကြုံတွေ့လာရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။




“ဒီနေရာက စားသောက်ဖို့က ရှာလို့ဖွေလို့ရတယ် ရေမရင် အရမ်းဒုက္ခရောက်တာ ဘယ်လိုမှ အဆင်မပြေနိုင် တော့ဘူး။ ရေကတော့ အဓိကလိုအပ်ချက်ပဲ လူဦးရေကလည်း ပွားပွားလာတယ် ရေမြေကလည်း ဆုတ်ယုတ် လာတယ်။ ရေကတော့ လိုဦးမှာပဲ ထိထိမိမိမလုပ်နိုင်ရင်တော့ ကျွန်တော်တို့ ရေရှားပါးတဲ့ ပြဿနာကအမြဲတမ်း  ကြုံနေရဦးမှာ။”ဟု ပေါက်ခေါင်းမြို့နယ် ဖိုးကျော့ကွင် ကျေးရွာမှ ရာအိမ်မှူး ဦးသန်းထွဋ်က ပြောသည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်လည်အုပ်စု၊ ဝါးရုံပင်လည်အုပ်စုနှင့် ဂုံမင်းရွာ၊ ထန်းတပင်၊ ဖွဲ့ပင်ကွင်း၊ ဂတ်အစ်ကုန်း ကျေးရွာတို့တွင် ရေပါးမှုဆိုးဝါးရွာကြုံတွေ့နေရပြီး ပိတောက်ကုန်းအုပ်စု ထန်းတော၊ လှည်းကူး၊ ကောင်းစည်၊ သပြေတုံး၊ ထူးပေါက်နှင့် အခြားကျေးရွာများတွင်လည်း သောက်သုံးရေ ရှားပါးမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
“အုတ်ဖို၊ ကျောက်တစ်လုံး၊ ကျက်ပြင်သာရွာဘက်တွေမှာ တောင်ကျရေကို တစ်ဖက်ပိတ်ဆည် သဘောမျိုး ဆောက်ပေးနိုင်ရင် အဆင်ပြေမယ်။ ဝါးရုံပင်လည်ဆည်ကိုလည်း ပြန်မွန်းမံပေးဖို့လိုတယ်။ လတ်တလောမှာ တော့ ရေတွင်းတူးဖို့က အဆင်မပြေဘူး ပေ (၆၀၀) တူးတာတောင် ရေမထွက်ဘူး ပေ(၁၀၀၀) ကျော်မှာပဲ  ရေနည်းနည်းထွက်တယ်။”ဟု ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမောင်မောင်ကြည်က ပြောသည်။
ပေါက်ခေါင်းမြို့နယ်အတွင်း သောက်သုံးရေ ရရှိစေရန် ကျေးရွာပေါင်း(၁၁) ရွာ၌ မြေသားရေကန်နှင့် တွင်းနက် အမျိုးစားရေကန်များ တူးဖော်ခြင်းအတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ၁၀၃ ဒဿမ ၂ သန်း သုံးစွဲခဲ့ကြောင်း သိရသည်။

No comments:

icman. Powered by Blogger.