ပေါင်းတည်တွင် ညဘက်အချိန် ကားမှန်လိုက်ခွဲခြင်းများကြောင့် ပြည်သူနှင့် ရဲတပ်ဖွဲ့ ပူးပေါင်းကင်းလှည့်မှု အစီစဉ်များ လုပ်ဆောင်နေရ
သီဟလွင် (မြစ်မခ)
ပြည်၊ မတ်(၁၀)ရက်။
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပေါင်းတည်မြို့တွင် ညဘက်အချိန် ကားမှန်လိုက်ခွဲခြင်းများကြောင့် ရပ်ကွက်နေ ပြည်သူများနှင့် ရဲတပ်ဖွဲ့ ပူးပေါင်းကင်းလှည့်မှု အစီစဉ်များ လုပ်ဆောင်နေကြကြောင်း ပေါင်းတည်မြို့အခြေစိုက် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ သိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပေါင်းတည်မြို့ အနောက်လမ်းတွင် ရပ်နားထားသည့် ၁၂ ဘီး ယာဉ် မီးသီးများခွဲခံရခြင်း၊ ဖေဖော်ဝါရီ ၂၈ ရက်ညတွင် ၈ လမ်းရှိ ခွေးဘီလူးခေါ် ပစ်ကပ်ကားမှန်၊ ၁၅ လမ်းရှိ ခရီးသည်တင်အမြန်ယာဉ်မှန်များ မှန်ခွဲခံရခြင်း မတ်လ ၁ ရက် ညတွင် ၉ လမ်းရှိ အိမ်စီးကားမှန်များ ခွဲခံရခြင်း အပါအ၀င် တစ်လခန့်အချိန်အတောအတွင်း ပေါင်းတည်နှင့် အနီးတစ်ဝိုက် ဒေသများမှ ကားမှန် ၇ စီးခန့် အခွဲခံရမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“မင်းမဲ့စရိုက်ဆန်ဆန်လိုဖြစ်လာတယ်။ ဒါအပြင်ကျွန်တော်တို့မြို့မှာ ဖုန်းအလုခံရတာတွေ ဖောက်ထွင်း ခံရတာတွေလည်း ပိုဖြစ်လာတဲ့တွက် တရားဥပဒေစိုးမိုးမှုအားနည်းလာတယ်လို့မြင်မိတယ်။ တမင်သက်သက် ဆူပူမှုတွေ ဖြစ်အောင် လုပ်နေတာလားလို့တောင် ယူဆလာမိတယ်။ အဲ့ဒီအတွက် စောင်ကြည့်မယ်။ ပြီးတော့ ကျွန်တော်တို့ ရဲတပ်ဖွဲ့နဲ့ သွားတွေ့ပြီး အခုဆို ကင်းလှည့်တာမျိုးတွေ လုပ်ဆောင်နေပြီ။”ဟု ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဦးချစ်ကိုကပြောသည်။
ထိုသို့ကြုံတွေ့ရမှုများကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမစမီ မတ်လ ၆ ရက်နေ့မှစတင်က ပေါင်းတည်မြို့ နယ်ရဲတပ်ဖွဲဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံများပူးပေါင်းကာ မိုးလင်းပေါက် ကင်းစောင့်ခြင်း၊ လှည့်ကင်း အစီအစဉ်များကို ညစဉ်ညတိုင်းလုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
“ညဘက်မှာ ကားမှန်အခွဲခံရတဲ့ ကိစ္စတွေနဲ့ပတ်သတ်ပြီး ရဲစခန်းတာဝန်ရှိသူတွေနဲ့ စကားပြောဖြစ်တယ်။ ၉ လမ်းက ကလူဂျာကားပိုင်ရှင်ရဲ့ပြောပြချက်တွေအရ လူငယ်သုံးဦး ဆိုင်ကယ်တစ်စီးနဲ့ ခွဲသွား တာမျိုးလို့ သိရတယ်။ စာရိတ္တတွေ ပျက်ပြားပြီး မူးယစ်ဆေးဝါးသုံးစွဲ ဆိုသွမ်းပုံစံမျိုးတွေဖြစ်လို့ ရဲစခန်းကလဲ စုံစမ်း နေတယ်လို့ သိရတယ်။˝ဟု ပေါင်းတည်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ပြောသည်။
ပြည်သူလူထုလုံခြုံနေထိုင်နိုင်ရေးအတွက် လုပ်ဆောင်ပေးရန် အလိုရှိကြောင်း အဆိုပါ ကားမှန်ခွဲသည့် ကိစ္စများနှင့် ပတ်သက်၍ ပေါင်းတည်မြို့ခံများက လူမှုကွန်ယက်စာမျက်နှာများတွင် ဝေဖန်ပြောဆိုမှုများ ပြုလုပ်နေကြကြောင်း သိရသည်။
ပေါင်းတည်မြို့တွင်ပင် ဖြစ်ပွားချင်းမဟုတ်ဘဲ ပေါင်းတည်မြို့နှင့်ကပ်ရှိသော နတ်တလင်းမြို့ ဈေးလမ်း၊ တာပွန်လမ်းတို့တွင်လည်း ဖေဖော်ဝါရီလကုန်ပိုင်း ညဘက်တွင် ကားမှန်များအပြင် ရွှေဆိုင်မှန်တစ်ခုပါ အခွဲခံရကြောင်း ဒေသခံများထံမှ သိရသည်။
မူရင်းhttp://myitmakhamediagroup.com/news/regional-news/12219/
No comments: