Header Ads

BannerFans.com
Breaking News
recent

ဧရာဝတီမြစ်တွင်း မြစ်သဲကျောက်စုပ်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးမည်

သီဟလွင် (မြစ်မခ)
ပြည်၊ မတ်လ (၁၀)ရက်။
ပဲခူးတိုင်းဒေသကြီး ဧရာဝတီမြစ်အတွင်း မြစ်သဲကျောက်စုပ်ခြင်းများနှင့် ပတ်သက်၍ လိုင်စင်ချထားမှု ကိစ္စရပ်များ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကိစ္စရပ်များအား ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော်သစ်တောသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ တာဝန်ရှိသူများထံမှ သိရှိရသည်။

“ပြည်ဒေသ၊ ပန်းတောင်းဒေသတွေမှာဆိုရင် ကမ်းပါးပြိုမှု အန္တရာယ်တွေနဲ့ကြုံတွေ့ နေရတဲ့ အနေအထား တွေရှိတဲ့အတွက်ကြောင့် လိုင်စင်ချပေးမှုတွေနဲ့ပတ်သက်တဲ့ အတိုင်းအတာ၊ လိုင်စင်ချပေးမှုဟာ လုပ်ကွက် ဘယ်လောက်ကနေ ဘယ်လောက် အထိ ဧရိယာဘယ်လောက်ပါလို့သတ်မှတ်ပေမယ့် ရေပြင်ပေါ်မှာ စည်းတားထားတာ မဟုတ်တဲ့အတွက် အဲဒီအနေအထားတွေမှာ အလွဲအမှားတွေတွေ့ရှိနေတယ်ဆိုတာကို  လည်း ကျွန်တော်တို့သိရှိရတယ်။ ကော်မတီအနေနဲ့ ကွင်းဆင်းဆောင်ရွက်ဖို့ အစီအစဉ်တွေ လုပ်ထားပြီး  သားပါ။”ဟု သစ်တောသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦးကြည်ဇင်က ပြောသည်။
ပြည်ခရိုင်အတွင်း မြစ်သဲကျောက်စုပ်လုပ်ငန်းရှင်များနှင့် ဒေသခံများ မကြာခဏ ထိပ်တိုက် ပြဿနာများ  ဖြစ်ပေါ်ကာ ရပ်နားပေးလိုက်ရသည့် ကျောက်စရစ်စုပ်လုပ်ငန်းများလည်းရှိနေပြီး အချို့ လုပ်ကွက်များမှာ  သတ်မှတ်နယ်မြေထက် ပိုမိုသွားရောက်စုပ်ယူမှုများ ရှိနေကြောင်း ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွှေ့ပေးခဲ့ရသည့် ဒေသခံအချို့က ဆိုသည်။
“ကျောက်စရစ်စုပ်တဲ့ မော်တော်တွေက ကျွန်တော်တို့ ကျေးရွာနယ်နိမိတ်ထဲက ငါးပစ်ကွင်းတွေ ငါးဖမ်းတဲ့  နေရာတွေအထိလာပြီး ကျောက်တွေစုပ်တယ်။ သူတို့ဆီလှေနဲ့ သွားပြောရင် ပြန်ထွက်သွားတယ်။ ပြီးတော့  ပြန်လာစုပ်ပြန်တယ်။ သူတို့ကြောင့် ကျွန်တော်တို့ ရေလုပ်ငန်းမှာ ထိခိုက်တယ် ငါးမရတာတွေ ပိုက်တွေ ကျောက်စုပ်မော်တော်နဲ့ ငြိပါသွားတာတွေဖြစ်တယ်။ စုပ်တဲ့အခါ ချိုင့်ကွက်ကြီးတွေဖြစ်ပြီး ကမ်းပါးမြေတွေ ပြိုတာတွေဖြစ်တယ်။”ဟု ပန်းတောင်းမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ရွာသစ်ကျေးရွာမှ ဦးတင်ရွှေက ပြောသည်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း ဧရာဝတီမြစ်တွင်း ကျောက်စရစ်စုပ်လုပ်ငန်းများ ချက်ချင်း ရပ်ဆိုင်းပေးရေးနှင့် ဒေသခံများ၏ အကျိုးစီးပွားကာကွယ်ပေးရေးတို့အတွက် ပဲခူးတိုင်း အနောက်ပိုင်း  ပြည်ခရိုင်တွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာတစ်ချို့မှ ဒေသခံများက ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသေးသည်။
၂၀၁၇ ခုနှစ်တွင် ပြည်ခရိုင်တစ်ခုလုံးအနေဖြင့် ပန်းတောင်း၊ ပြည်၊ ရွှေတောင်မြို့နယ်များအတွက် ကျောက်စရစ် ထုတ်ယူခွင့်လုပ်ကွက် ၁၆ ခု ချထားပေးကြောင်း ပြည်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

No comments:

icman. Powered by Blogger.