Header Ads

BannerFans.com
Breaking News
recent

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အဘိုးအဘွား(၄၀၀၀)ကျော်အား လစဉ်တစ်သောင်းထောက်ပံ့မည်

မျိုးမြတ် (မြစ်မခ)
ပဲခူး၊ မတ် (၂၇) ရက်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီးအ တွင်းရှိ အသက်(၉၀)နှစ်နှင့်အထက် အဘိုးအဘွား(၄၀၀၀)ကျော်အား National Universal Social Pension အဖြစ် လစဉ်(၁၀၀၀၀)နှုန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ သိရှိရသည်။
အသက်(၉၀)နှစ်အထက် အဘိုးအဘွား ပဲခူးခရိုင်၌(၁၁၀၃)ဦး၊ တောင်ငူခရိုင်၌(၆၉၆)ဦး၊ ပြည်ခရိုင်၌(၁၁၀၇)ဦး၊ သာယာဝတီခရိုင်၌(၁၃၈၉)ဦး၊ စုစုပေါင်း(၄၂၉၅)ဦးရှိကြောင်းသိရပြီး အဘွားဦးရေက ပိုမိုများပြားကြောင်းသိရ သည်။
“အဘိုးအဘွားစာရင်းကိုတော့ တိုင်းဒေသကြီးအစိုးရက ရယူတာပါ။ တိုင်းဒေသကြီးအစိုးရက သက်ဆိုင်ရာမြို့ နယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှာ စာရင်းကောက်ယူပြီး ကျွန်တော်တို့ဆီကိုပို့ပေးတာပါ။ ယခုနှစ်ကစပြီး အဘိုး အဘွားတွေကို လစဉ်ထောက်ပံ့ပေးသွားမှာပါ။ ဧပြီလကစပေးမှာပါ။ (၃)လတစ်ကြိမ်ထုတ်ပေးမှာဖြစ်တဲ့အတွက် ဇွန်လနောက်ဆုံးအပါတ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် ထုတ်ပေးသွားမှာပါ။ အမှန်တကယ်ရ၊ မရကို လွှတ်တော်ကိုယ်စားလှယ်များအား စစ်ဆေးပေးဖို့အကူအညီတောင်းခံသွားမှာပါ”ဟု ပဲခူးတိုင်းဒေသကြီးလူမှုဝန် ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသုတကပြောသည်။
အဘိုးအဘွားများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလမှစတင်၍ လစဉ်ထောက်ပံ့ငွေများကို (၃)လတစ်ကြိမ် ထုတ်ပေးသွားမည်ဖြစ်ပြီး ဧပြီ၊ မေ၊ ဇွန် (၃)လစာအတွက် ဇွန်လနောက်ဆုံးအပါတ်တွင်ထုတ်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။
အသက်အရွယ်ကြီးရင့်သော အဘိုးအဘွားထောက်ပံ့ပေးမှုအစီအစဉ်အား နိုင်ငံတော်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်မှ စတင်ပြုလုပ်ပေးခဲ့ရာ နှစ်စဉ် အသက်(၉၀)နှင့်(၁၀၀)ကြား အဘိုးအဘွားတစ်ဦးလျှင် ကျပ်(၁၅၀၀၀)နှုန်း ဖြင့်လည်းကောင်း၊ အသက်(၁၀၀)အထက်အဘိုးအဘွားတစ်ဦးလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့်လည်းကောင်း ထောက်ပံ့ပေးခဲ့ပြီး ယခုဘဏ္ဍာနှစ်မှစတင်၍ လစဉ်ထုတ်ပေးခြင်းဖြစ်ကြောင်းသိရသည်။
နိုင်ငံတော်မှ အဘိုးအဘွားများအား ထောက်ပံ့ငွေပေးရခြင်း၏အဓိကရည်ရွယ်ချက်မှာ ဆင်းရဲနွမ်းပါးမှု လျော့ကျ စေရေး၊ ကိုယ်ပိုင်ဝင်ငွေရှိသည့်အတွက် ဂုဏ်သိက္ခာမြင့်မားစေရေး၊ အိမ်ထောင်စု၏ဝင်ငွေတစ်စိတ်တစ်ပိုင်း အ ထောက်အပံ့ဖြစ်စေရေး၊ မိသားစုကြား ဆည်းကပ်မှုပိုမိုရှိလာစေရေး၊ နိုင်ငံတော်မှ ပြန်ပြီးကျေးဇူးဆပ်သည့် သဘော သက်ရောက်စေရန်ရည်ရွယ်ကြောင်း သိရသည်။

No comments:

icman. Powered by Blogger.