ဈေးဆိုင်ခန်းအခွန် နှစ်ဆ တိုးကောက်မှုကို ပြည်မြို့ပေါ်ရှိဈေး ၄ ခု ပေါင်းကန့်ကွက်မည်
ရေခဲ (ပြည်)
ပဲခူး၊ ဧပြီလ ၂ ။ ။ စည်ပင်ဈေး ဆိုင်ခန်းများ အခွန် ၂ ဆ တိုးမြှင့်လိုက်သည့်အတွက် ပဲခူးတိုင်း၊ ပြည်ခရိုင် ပြည်မြို့နယ်ရှိ ဈေး ၄ ခု မှ ဆိုင်ခန်းရှင် များ ၏ သဘောထား ဆန္ဒရယူကာ ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဦးဆောင်ကန့်ကွက်သူများက ပြောသည်။
"မပေးနိုင်တဲ့ ဈေးသူဈေးသားတွေရဲ့ လက်မှတ်ထိုးစာရင်း နဲ့ တင်မယ် ။ တတ်နိုင်သလောက်ပြန်လျော့ချပေးဖို့ပြောမယ် "ကန့်ကွက်မှုအား ဦးဆောင်သူ အောင်မင်္ဂလာဈေးမိဈေးဖ ဦးစောလှထွေးက ဆိုသည်။
ကန့်ကွက်လက်မှတ်များရယူရန်အတွက် အောင်မင်္ဂလာဈေး ၊ ကိုးသောင်းဈေး အကျိုးတော်ဆောင်အဖွဲ့ များ ဧပြီ ၂ ရက်တွင် ညှိနှိုင်းခဲ့ ကြပြီး မြို့သစ်ဈေး နှင့် ကသည်းဈေး အကျိုးတော်ဆောင်အဖွဲ့ များနှင့်ပါ ဆက်လက်ညှိနှိုင်းမည်ဖြစ်သည်။
"နှစ်ဆ ကောက်တာတော့များတယ်။ ဖြစ်မယ်ဆို လျော့ကောက်စေချင်တယ် ။ မရနိုင်ဘူးဆိုရင်လည်း ဈေးသူဈေးသားတွေရဲ့ အခွင့် အရေး အပြည့်အဝ ရဖို့ ပြန်တောင်းသွားမယ်"ဟု ကိုးသောင်းဈေး အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးမြင့်နိုင်က ပြောသည်။
ဈေး ဆိုင်ခန်းခွန်များပြန်လည်လျော့ချရန် သာမက ဈေးလုံခြုံရေး ၊ မိလ္လာစနစ် ၊ ရေနုတ်မြောင်း ၊ အမှိုက်သိမ်း သန့်ရှင်းရေးစနစ် လမ်း နှင့် အဆောက်အဦး အမိုးအကာ များကောင်းမွန်စွာဆောင်ရွက်ပေးရန် ဈေးသူဈေးသားများက ပြန်လည်တင်ပြမည်ဖြစ်သည်။
ပဲခူးတိုင်း အတွင်းရှိ မြို့နယ် ၂၈ ခုမှစည်ပင်သာယာဈေး ဆိုင်ခန်းများကို ဧပြီ ၁ရက်နေ့မှစ၍ အခွန် နှစ်ဆ တိုးကောက်နေပြီဖြစ်သည်။
"တစ်တိုင်းလုံး ကောက်တာ ။ အခု ဒီဘတ်ဂျက်ကနေ စကောက်နေပြီ ။ နှစ်ဆဆိုပေမဲ့ အမှန်အတိုင်း က ပေးရတဲ့ အခွန်နှုန်းထားက ဘာမှမရှိပါဘူး"ဟု ပြည်ခရိုင် စည်ပင်သာယာရေး အဖွဲ့ အမှု ဆောင်အရာရှိချုပ် ဦးသူရမြင့်သူက ဆိုသည်။
သို့သော် စည်ပင်သာယာဌာနက ဆိုင်ခန်းရှင်များ နှင့် တွေ့ဆုံညှိနှိုင်ခြင်းမရှိခဲ့ဘဲ ဈေးအချို့တွင်သာ ကြိုတင်အသိပေးမှု များ လုပ်ဆောင်ခဲ့သည့်အတွက် ကန့်ကွက်မှုများပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဧပြီ ၃ ရက် မှစ၍ ကသည်းဈေး ၊ ကိုးသောင်းဈေး ၊ အောင်မင်္ဂလာဈေး ၊ မြို့သစ်ဈေးတို့တွင် ထပ်တိုး အခွန် ကန့်ကွက်သူများစာရင်းကောက်ခံမည်ဖြစ်ပြီး သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ ၊ ဌာနဆိုင်ရာအသီးသီး နှင့် လွှတ်တော်ကိုယ်စားလှယ်များထံတင်ပြ မည်ဖြစ်သည်။
ဧပြီ ၂ ရက်တွင် ပြည်မြို့ အောင်မင်္ဂလာဈေးသို့ ပြည်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော်ဇေယျ လာရောက်ပြီး ဈေးသူဈေးသား များ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပဲခူးတိုင်းဝန်ကြီး ချုပ်၏ လမ်းညွန်ချက်အရ စည်ပင်သာယာဈေးဆိုင်ခန်းများကို အခွန် ၂ ဆ တိုးကောက် ရန် အချိန် ၂ လ ကြိုတင်စီစဉ်ခဲ့ ကြောင်း ၊ အောင်မင်္ဂလာဈေး မှလွဲ၍ ကျန်ဈေးများတွင် ကြော်ငြာသင်ပုန်းထောင်အသိပေးခြင်းများပြုလုပ်ခဲ့ သည်ဟု ဦးကျော်ဇေယျကပြောသည်။
"ဒီဈေးမှာကြိုတင်အသိပေးထားခြင်းမရှိဘဲတိုးကောက်တော့ဈေးသူဈေးသားတွေက မကျေနပ်ကြဘူး။ နစ်နာနေတာတွေ စာတင်ဖို့ ပြောခဲ့ပါတယ်။ အစိုးရအဖွဲ့ နဲ့ ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်"ဟု ၄င်းက ဆိုသည်။
No comments: