အခွန်နှစ်ဆတိုးကောက်မှုကို လက်ခံပေးရန် ပြည်မြို့ စည်ပင်ကော်မတီတိုက်တွန်း
ရေခဲ(ပြည်)
ပြည်၊ ဧပြီ ၄ ။ ။ ပဲခူးတိုင်းအတွင်း စည်ပင်သာယာဈေးဆိုင်ခန်းများကို အခွန် နှစ်ဆ တိုးကောက်မှုအား လက်ခံရန် ပြည်မြို့စည်ပင်သာယာရေးကော်မတီ နှင့် အဖွဲ့က ဧပြီလ ၄ ရက်တွင် တိုက်တွန်းခဲ့ပြီး ဈေးတာဝန်ခံတစ်ဦးကိုလည်း လဲလှယ်ခဲ့သည်။
ပြည်မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးအေးချို၊ ဈေးအရာရှိ ဦးဖြိုးဝေအောင် နှင့် ဈေးတာဝန်ခံများ ပါဝင်သောအဖွဲ့က ဧပြီ ၄ရက် ညနေပိုင်းတွင် အောင်မင်္ဂလာဈေး ဈေးမိဈေးဖများ နှင့် တွေ့ဆုံပြီး အခွန်နှုန်းထားသစ်လက်ခံရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
"နှစ်ဆ တိုးလိုက်တဲ့ အခွန်ကို လက်ခံပေးဖို့ ကျနော် မေတ္တာရပ်ခံချင်ပါတယ်။ တိုးပြီးရင် တိုးတာနဲ့တန်အောင်ပြန်လုပ်ပေးဖို့လည်း ကျနော်တို့ တွန်းအားပေးပါ့မယ်"ဟု ပြည်မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးအေးချို ကဆိုသည်။
ပဲခူးတိုင်း အတွင်းရှိ မြို့နယ် ၂၈ ခုမှ စည်ပင်သာယာဈေးဆိုင်ခန်းများကို ဧပြီ ၁ရက်မှစ၍ အခွန် နှစ်ဆ တိုးကောက်နေပြီဖြစ်သည်။ သို့သော် စည်ပင်သာယာဌာနက ဆိုင်ခန်းရှင်များ နှင့် တွေ့ဆုံညှိနှိုင်းခြင်းမရှိခဲ့သည့်အတွက် ကန့်ကွက်မှုများပေါ်ပေါက်နေသည်။
"ဥပဒေလုပ်ထုံးလုပ်နည်းအရ ဆောင်တာတော့ ဆောင်လိုက်ပါ။ အသနားခံစာတင်ပြလို့ရပ်သွားရင်လည်း အမြတ်ပေါ့"ဟု ဈေးများကြီးကြပ်ရေးအရာရှိ ဦးဖြိုးဝေအောင်က ဆိုသည်။
ဈေးဆိုင်ခန်းများသည် ၁ ရက် မှ ၇ ရက်အတွင်း သတ်မှတ်ထားသော အခွန်ကိုပေးဆောင်ရမည်ဖြစ်ပြီး ၇ ရက်ကျော်ပါက ၁၀ရာခိုင်နှုန်း ဒဏ်ကြေးငွေပေးဆောင်ရမည်ဖြစ်သည်။ ယင်းအပြင် ၂၀ ရက် ပြည့်သည့်နေ့ထိ မပေးဆောင်ပါက ဆိုင်ခန်းပိတ်သိမ်းမည်ဟုလည်း စည်ပင်အရာရှိများက ပြောသည်။
အခွန်ငွေပေးဆောင်မှုနှင့်အတူ ဈေးလုံခြုံရေး၊ မိလ္လာစနစ်၊ ရေနုတ်မြောင်း၊ အမှိုက်သိမ်း သန့်ရှင်းရေးစနစ်၊ ရေ၊ လျှပ်စစ်မီး ရရှိမှု၊ လမ်း နှင့် အမိုးအကာ၊ အဆောက်အဦးများ ကောင်းမွန်စွာရေးတို့ကိုလည်း ဆောင်ရွက်ပေးမည်ဟု စည်ပင်အရာရှိများကပြောသည်။
အခွန်နှုန်းထားများ တိုးမြင့်မှုကို ကြိုတင်အသိပေးမှုမရှိခဲ့သည့် အောင်မင်္ဂလာဈေးတာဝန်ခံ ဦးအောင်စိုးဝင်းကို ဌာနရွှေ့ပြောင်းကာ ဈေးတာဝန်ခံအသစ် ဦးတင်ထွန်း ဆိုသူကို တာဝန်ပေးအပ်မည်ဟုလည်း ၎င်းတို့ကဆိုသည်။
"မကြာခင် ၈ ရက်နေ့ကစပြီး တာဝန်ထမ်းဆောင်မယ်။ ဒီဘက်မှာ ဒီဈေးခေါင်း(မူလဈေးခေါင်းအဟောင်း)က ဆိုင်ခန်းခွန်တွေ ကောက်နေတယ်။ ကောက်နေတာကို ဝိုင်းလုပ်ရင်းနဲ့လွှဲသွားလိမ့်မယ်"ဟုဈေးများကြီးကြပ်ရေး အရာရှိ ဦးဖြိုးဝေအောင်ကဆိုသည်။
စည်ပင်အဖွဲ့၏ တိုက်တွန်းမှုကို အောင်မင်္ဂလာဈေး ဈေးမိဈေးဖများက လက်မခံခဲ့ပေ။ သို့သော် ဈေးဆိုင်ခန်းများ သိမ်းဆည်းမခံရရေးအတွက် သတ်မှတ်ခွန်ပေးဆောင်မည်ဖြစ်ပြီး အခွန်နှုန်းထားလျော့ချရေး ဆက်လက်တင်ပြသွားမည်ဟု ကန့်ကွက်မှုများကို ဦးဆောင်ပြုလုပ်နေသူ ဦးစောလှထွေးကပြောသည်။
No comments: