ရေဘေးအန္တရာယ်များ ကြိုတင်အသိပေးနိုင်ရန် အလိုအလျောက် မြစ်ရေအနိမ့်အမြင့် တိုင်းတာရေး ကိရိယာများကို မြို့(၁၃) မြို့တွင် တပ်ဆင်မည်ဖြစ်ပြီး ပြည်မြို့တွင် ပထမဆုံး တပ်ဆင်မှုများ ပြုလုပ်
ရေဘေးအန္တရာယ်များ ကြိုတင်အသိပေးနိုင်ရန်အတွက် အလိုအလျောက် မြစ်ရေအနိမ့်အမြင့် တိုင်းတာရေး ကိရိယာများကို မြို့(၁၃) မြို့တွင် တပ်ဆင်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့တွင် ပထမဆုံး လာရောက်တပ်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
အဆိုပါတပ်ဆင်မှုများကို အိန္ဒိယနိုင်ငံ အစိုးရအထောက်အပံ့ဖြင့် တပ်ဆင်မည်ဖြစ်ကာ အသုံးပြုပုံနည်းပညာများကို Regional Intergrated Muli-Hazard Early Warning Syatem (RIMES) က အကူညီပေးကာ ပထမဆုံး ခရီးစဉ်အဖြစ် ပြည်၊ မကွေး၊ ချောက်၊ ပုခုက္ကူ၊ မုံရွာ၊ စစ်ကိုင်းတို့တွင် တပ်ဆင်မည်ဖြစ်ကြောင်း အများစုမှာ မြစ်ကူးတံတားများပေါ်တွင် တပ်ဆင်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဇလဗေဒဌာနခွဲထံက သိရသည်။
“အလိုအလျောက် မြစ်ရေအနိမ့်အမြင့် တိုင်းတာရေး ကိရိယာ လာတပ်ဆင်တာပါ အရင်တုန်းက ပြည်စခန်းမှာ မြစ်ရေအနိမ့်အမြင့်ကို လူတွေကိုယ်တိုင်တိုင်းရတယ် ဘာအခက်ခဲရှိလည်းဆိုတော့ တစ်နာရီကြား တိုင်းချင်တယ်ဆိုရင် လူကိုယ်တိုင်သွားတိုင်းရတယ် ဒီကိရိယာကို တပ်လိုက်ခြင်းအားဖြင့် မြစ်ရေအနိမ့်အမြင့်ကို အချိန်နဲ့ တပြေးညီ အချက်အလက်တွေရမယ် ဒါတပ်ထားခြင်းအားဖြင့် အင်တာနက်ရှိတဲ့နေရာကနေ ကြိုက်တဲ့နေရာကနေ ဒီအချက်အလက်တွေကို ဖွင့်ကြည့်လို့ရမယ် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ရေတက်နေပြီလား ဆိုတာကို ကြည့်လို့ရမယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဇလဗေဒဌာနခွဲ ဦးစီးအရာရှိ ဦးမျိုးထွန်းဦးက ပြောသည်။
အဆိုပါ တပ်ဆင်မည့်ပစ္စည်းမှာ Telemetry Water Level Monitoring System (TWLMS) စနစ်ဖြစ်ပြီး ရေဒါစနစ်ဖြင့် မြစ်ရေမျက်နှာပြင်ကိုဖတ်ကာ အချက်အလက်များကို အင်တာနက်မှတဆင့် အချိန်မရွေး ကြည့်ရှုနေနိုင်မည်ဖြစ်ကြောင်း ရေဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များကို ကြိုတင်အသိပေးရာတွင် လွယ်ကူမြန်ဆန်လာမည်ကြောင်း သိရသည်။
“ဒါကိုတပ်ဆင်ထားခြင်းအားဖြင့် သဘာဝဘေးအန္တရာယ် ဒါကတော့ ရေပေါ့ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ဘေးအန္တရာယ်တွေ ကျရောက်လာပြီဆိုရင် ကျွန်တော်တို့က လွယ်လင့်တကူ မြန်မြန်သိရှိနိုင်မယ် လူကိုယ်တိုင် ခဏခဏသွားတိုင်းစရာမလိုပဲ စက်ကနေလုပ်သွားမှာ ဖြစ်တဲ့အတွက ရေကြီးမှုတွေနဲ့ ပတ်သက်ရင် ကြိုတင်အသိပေးလို့ ရလာမယ်” ဟု ဦစီးအရာရှိ ဦးမျိုးထွန်းဦးက ဆက်လက်ပြောကြားသည်။
ဆက်လက်၍ ၎င်းပစ္စည်းများ တပ်ဆင်ထားမှုများကိုလည်း ဒေသခံပြည်သူလူထုများ အနေဖြင့် တစ်စုံတစ်ရာ ဖျက်ဆီးခြင်းများ မပြုလုပ်ကြရန်ကိုလည်း မေတ္တာရပ်ခံလိုကြောင်း ၎င်းကပြောကြားသည်။
ပထမအကြိမ် (၆) စခန်းပြီးပါက ဆက်လက်၍ မြစ်ကြီးနား၊ မချမ်းဘော၊ ကသာ၊ မော်လိုက်၊ ခန္ဓီး၊ ငသိုင်းချောင်း၊ ရေနီတို့တွင်လည်း တပ်ဆင်မည်ဖြစ်ကာ လွန်ခဲ့သည့်နှစ်နှစ်ခန့်ကစကာ ဌာနဘတ်ဂျက်ဖြင့် တောင်ငူ၊ ပဲခူး၊ ရွှေကျင်၊ ဘားအံ၊ ဟင်္သာတ တို့တွင် တပ်ဆင်ထားခဲ့ကြောင်း သိရသည်။
Writer:
ဝေလင်း(ပြည်)
No comments: