Header Ads

BannerFans.com
Breaking News
recent

သင်္ကြန်ပိတ်ရက်နှင့် သက်ဆိုင်သည့် ရေးသားချက်ပို့စ်များကို လူမှုကွန်ရက် ဖေ့စ်ဘုတ်တွင် မတင်ရန် ၀န်ကြီးဌာနအချို့တွင် ၀န်ထမ်းများအား ခေါ်ယူသတိပေးဟုဆို

နေပြည်တော်၊ မတ် ၁၀

သင်္ကြန်ပိတ်ရက်နှင့်သက်ဆိုင်သည့် ရေးသားချက်ပိုစ့်များကိုမိမိတို့၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာများတွင်မတင်ကြရန် ၀န်ကြီးဌာနအချို့မှ ၎င်းတို့ ၀န်ထမ်းများကို သတိပေးမှုများရှိခဲ့ကြောင်း နေပြည်တော်ရှိ ၀န်ထမ်းအသိုင်းအ၀ိုင်းက ပြောဆိုနေကြသည်။

ဝန်ထမ်းအများစုမှာ နေပြည်တော်တွင်တာဝန်ထမ်းဆောင်နေကြရခြင်း ဖြစ်ပြီးတစ်နှစ်လျှင် တစ်ကြိမ်ရက်ရှည်ရုံးပိတ်ရက်များတွင်သာ မိသားစုဆွေမျိုးများထံသွားရောက်ကြရခြင်းဖြစ်ပြီး ယခုကဲ့သို့သင်္ကြန်ကာလပိတ်ရက်များကိုလျှော့ချလိုက်သည့်အတွက် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသော ၀န်ထမ်းများက ဘ၀င်မကျမှုများဖြစ်ပေါ်ကာ လူမှုကွန်ရက်များတွင်ဝေဖန်ရေးသားမှုများရှိနေပြီး၊ ၀န်ထမ်းအချို့အားသက်ဆိုင်ရာ ၀န်ကြီးဌာနအချို့မှ သတိပေးမှုများပြုလုပ်နေကြောင်း ၀န်ထမ်းအသိုင်းအ၀ိုင်းကဆိုသည်။

“တရားဝင်စာထွက်တာမျိုးမဟုတ်ပေမယ့် ဝန်ထမ်းတွေကိုခေါ်ပြီး ဖေ့ဘုတ်မှာမတင်ဖို့ နှုတ်နဲ့ သတိပေးထားတာရှိပါတယ်”ဟု နေပြည်တော်ရှိ အမည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးက ဖွင့်ဟသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန(နေပြည်တော်)တွင်တာဝန်ထမ်းဆောင်နေသောဝန်ထမ်းတစ်ဦးကလည်း ”အမကနေပြည်တော်မှာ ရုံးတွေစပြောင်းပြီဆိုကတည်းက ဒီကိုပြောင်းလာတာပါ။ ပိတ်ရက်ရှည်ဆိုလို့ဒီအချိန်လေးဘဲရှိတာ၊ သူများတွေလိုမိသားစုမရှိပေမယ့် ကိုယ့်မြိုကိုပြန်ပြီးတရားစခန်းဝင်တာတို့သီလရှင်ဝတ်တာတို့နှစ်စဉ်လုပ်ဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင်တော့နောင်နှစ်တွေမလုပ်နိုင်တော့ဘူးပေါ့။ ဘယ်တတ်နိုင်မလဲ”ဟု ပြောသည်။

ယခုထုတ်ပြန်သောကြေငြာချက်မထွက်မီ မတ်လ (၈) ရက်နေ့တွင်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ၀န်ကြီးဌာနများအားလုံးသို့ သင်္ကြန်ပိတ်ရက်ပြင်ဆင်ခြင်းအတွက်အခက်အခဲရှိမရှိပြန်ကြားပေးရန်အကြောင်းကြားစာပေးပို့ခဲ့သည်။ စာထဲတွင် မတ်လ (၉)ရက် နေ့ညနေ (၃) နာရီနောက်ဆုံးထားပြန်ကြားပေးရန်အကြောင်းကြားခဲ့သည်။

ထို့နောက် မတ်လ (၉ )ရက်နေ့ ညနေပိုင်းတွင်ပင် “နိုင်ငံ့ဝန်ထမ်းများ မဟာသင်္ကြန်နှစ်သစ်ကူး အနားယူကာလ (၁၀)ရက်တိတိ ရရှိခံစားရေး” ဟူသည့် သတင်းထုတ်ပြန်ချက်တစ်ခုကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့ပြီး၊ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် “သင်္ကြန်ပိတ်ရက်၅ရက် ဖြစ်ပါမယ်။ ဘဏ်ပိတ်ရက် ၊ အစိုးရရုံးပိတ်ရက် ၅ ရက် ပဲ ဖြစ် ပါမယ် ။ ဝန်ထမ်းတွေအတွက် ၁၀ ရက်ရအောင် အုပ်ချုပ်မှုနည်းလမ်းနဲ့ စီစဉ် ပေးပါမယ် ။ ဒီနှစ် အတွက်ပဲ ဖြစ်ပါတယ် ။ ကြိုတင်ပြီး စီစဉ်ထားတာတွေမပျက်အောင် အထူးအစီအစဉ် လုပ်ပေးတဲ့သဘောပါ။ သင်္ကြန်ကာလ ရုံးပိတ်ရက် ၅ ရက်အဖြစ် အများပြည်သူရုံးပိတ်ရက် ပြင်ဆင်သတ်မှတ်ပါမယ်။ နောက်နှစ်တော့ မူလကတည်းက ၅ ရက်ပဲ ဖြစ်ပါမယ်”ဟု သတင်းထုတ်ပြန်ချက်ပါ ဆိုလိုရင်း အဓိပ္ပါယ်ကို ရှင်းလင်းရေးသားပေးခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန(နေပြည်တော်)တွင်တာဝန်ထမ်းဆောင်နေသောအကြီးတန်းစာရေးတစ်ဦးကလည်း ”ဒီနှစ်ကိုတော့အဆင်ပြေအောင်လုပ်ပေးမယ်ဆိုတော့ဘယ်လိုလုပ်ပေးမှာလဲ၊သင်္ကြန်တွင်းကြီး ဘယ်ကားတွေရထားတွေ အချိန်မှန်ထွက်ကြလို့လဲ၊ (၅) ရက်ထဲနဲ့ဘယ်လိုပြန်လို့ရမှာလဲ၊ အစိုးရကပြည်သူ့အသံ၊ ၀န်ထမ်းတွေအသံကိုသေချာလေးနားထောင်စေချင်တယ်၊ အခက်အခဲရှိနေတာလဲတစ်ပိုင်းပေါ့၊ ဌာနအလိုက်လိုအပ်တဲ့ဝန်ထမ်းတွေကို အထူးတာဝန်တွေနဲ့ခံစားခွင့်တွေနဲ့လုပ်ခိုင်းရမယ့်အစားတစ်နိုင်ငံလုံးက၀န်ထမ်းတွေကိုသိမ်းကြုံးပြီးကြေငြာတာတော့မဖြစ်သင့်ပါဘူး။”ဟုဆိုသည်။

နှစ်သစ်ကူးရုံးပိတ်ရက်(၁၀)ရက်သတ်မှတ်ခြင်းကို၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်ကနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးကောင်စီ ကြေငြာချက်အမှတ်(၁/၂၀၀၇) ဖြင့်ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၊ ထိုစဉ်ကအတွင်းရေးမှူး(၁)ရာထူးဖြင့်ထုတ်ပြန်ကြေငြာခဲ့ခြင်း ဖြစ်ပါသည်။

စက်မှုဝန်ကြီးဌာနမှဝန်ထမ်းတစ်ဦးကလည်း”ဦးကပင်စင်သွားဖို့(၂)နှစ်ဘဲလိုတော့တာပါ။ အရင်နှစ်တွေကလည်းရန်ကန်ုပြန်ဖို့ကား လတ်မှတ်ကို (၁၀) ရက်ပိတ်တာတောင်မနည်းဝယ်ရတာ။ အကုန်ပြန်ကြတာဆိုတော့လေ။ နောင်နှစ်တွေ(၅) ရက်ဘဲပိတ်မယ်ဆိုရင်တော့ကားတွေရထားတွေဘယ်လိုဖြစ်လာမလဲမသိသေးဘူး။ နောက်ပြီးအခုလိုသင်္ကြန်တွင်းဘဲဘုရားတရားလေးလုပ်ချိန်ရတာ၊မလုပ်သင့်ပါဘူးကွယ်”ဟုပြောသည်။

အောင်ပြည့်စုံPopular News Journal

No comments:

icman. Powered by Blogger.