အစာအဆိပ်သင့်သူ ၄၀၀ ခန့် မြောင်းမြဆေးရုံရောက်
မျိုးမင်းထွန်း (မြစ်မခ)
မြောင်းမြ၊ မတ်လ (၂၄) ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ အိမ်တစ်လုံးစက်ကုန်းကျေးရွာတွင် မတ်လ(၂၃)ရက်က ပြုလုပ်ခဲ့ သည့် ရှင်အပါး(၅၀၀)အလှူပွဲတွင် အလှူထမင်းဟင်းများ စားသောက်ပြီးနောက် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး မတ်လ(၂၄)ရက်၊ နေ့လည်ပိုင်းတွင် အစာအဆိပ်သင့်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးထံမှ သိရှိရသည်။
အဆိုပါ အလှူ၌ ငါးသလောက်ပေါင်း၊ မယ်ဇလီရွက်ဟင်းချို၊ ငံပြာရည်ကြော်နှင့် တို့စရာ ဟင်းသီးဟင်းရွက်များ ကျွေးမွေးခဲ့ပြီး မနက်ပိုင်းစားသုံးသူများမှာ တစ်စုံတစ်ရာမဖြစ်ခဲ့သော်လည်း ညနေပိုင်းစားသုံးသူများမှ လူ(၃၀၀) ခန့်မှာ အဆိပ်သင့်ခဲ့ပြီး မြောင်းမြ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။
ဆေးကုသမှုခံ ယူနေရသည့် အချို့လူနာများမှာ သက်သာပြီဖြစ်သဖြင့် မတ်လ(၂၄)ရက် ညနေတွင် ဆေးရုံမှ ပြန်ဆင်းမည်ဖြစ်ကြောင်း သိရသည်။
“အခုကထိန်းချုပ်ပြီးသား ဖြစ်သွားပါပြီ။ အခြေအနေကောင်းတဲ့အတွက် မြောင်းမြဆေးရုံကနေ ပုသိမ်ဆေးရုံ အထိတောင်မရောက်ပါဘူး။ တော်တော်များများ ညနေကျရင် ဆေးရုံက ဆင်းမှာပါ။ ကျန်းမာရေးဌာနကလည်း ဘာကြောင့်ဖြစ်တာလဲ စစ်ဆေးနေပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောသည်။
အဆိုပါ အစာအဆိပ်သင့်သည့် လူနာများသည့်အတွက် မြောင်းမြဆေးရုံပင် မဆန့်တော့သဖြင့် ဆေးရုံ အပြင် ဘက် ပရ၀ုဏ်အတွင်းထဲ၌ ညတွင်းချင်း ရွက်ဖျင်တဲများထိုး၍ လူနာများကို လက်ခံကုသပေးခဲ့ရပြီး ဆေးကု၍ သက်သာသည့် လူနာတချို့ကိုလည်း မြောင်းမြမြို့ ရွှေသာလျောင်းဘုရားဓမ္မာရုံအတွင်းသို့ ဒေသ ဆိုင်ရာ တာဝန်ရှိသူများမှ နေရာချပေးခဲ့ရကြောင်း သိရသည်။
“လူနာများလွန်းလို့ ကားတွေနဲ့သယ်လို့ မနိုင်တော့ဘူး။ အဲတော့ မြောင်းမြက လူမှုရေးအသင်းတွေရော ဌာန ဆိုင်ရာတွေရော လူနာတွေ ဆေးရုံရောက်ဖို့ ၀ိုင်းဝန်းကူညီပေးကြပါတယ်။ ကျွန်တော်တို့ကတော့ ရေသန့်ဘူး တွေမှာ ဓာတ်ဆားထုပ်တွေ ဖျော်ပေးပြီး လူနာတွေကို လိုက်ဝေပေးတယ်။ လမ်းရှင်းပေးတာ၊ နေရာထိုင်ခင်းနဲ့ လုံခြုံရေးယူပေးတာတွေ ချက်ခြင်းစီစဉ်ပေးရတာပေါ့။”ဟု မြောင်းမြမြို့မ ရဲစခန်းမှ စခန်းမှူး၊ ဒုရဲမှူး အေးမင်းသိန်းက ပြောသည်။
ထိုပြင် ဖေဖော်ဝါရီ (၁၃)ရက်ကလည်း ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပေါ်တော်မူကျေးရွာနှင့် သရက် ချောင်းကျေးရွာ မူလတန်းကျောင်းများတွင် ရန်ကုန်မြို့မှ မှာယူသော ခေါက်ဆွဲကြော် လှူဒါန်းကျွေးမွေးရာ ကျောင်းသား(၉၀)ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သည့်အတွက် ကန်ကြီးထောင့်မြို့ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသေးကြောင်း သိရသည်။
No comments: